International News

အိန္ဒိယနိုင်ငံသည် ဥရောပသမဂ္ဂ၏ နယ်စပ်ဖြတ်ကျော်ကာဗွန်ထိန်းညှိရေးစနစ်(Carbon Border Adjustment Mechanism, CBAM)ကို တုံ့ပြန်မည့်ကိုယ်ပိုင်အစီအမံတစ်ခုထူထောင်သွားမည်

Last Updated:

အိန္ဒိယနိုင်ငံသည် ဥရောပသမဂ္ဂက မကြာသေးမီကလုပ်ဆောင်ခဲ့သည့်ပုံစံအတိုင်း ၎င်း၏ကိုယ်ပိုင်နယ်စပ်ဖြတ်ကျော်ကာဗွန်ခွန်ကို အကောင်အထည်ဖေါ်ဆောင်ရွက်သွားရန် စဉ်းစားလျက်ရှိကြောင်း သိရသည်။ အိန္ဒိယနိုင်ငံဘဏ္ဍာခွန်နှင့်ကုန်သွယ်ရေးဝန်ကြီးဌာနများအနေဖြင့် ဥရောပမှတင်သွင်းလာသော ထုတ်ကုန်ပစ္စည်းများ၌ ကာဗွန်ပါဝင်မှုနှုန်းမည်မျှပါဝင်သည်ကို အဓိကတိုင်းတာနိုင်မည့် အခွန်စနစ်တစ်ရပ်ကို အကောင်အထည်ဖေါ်ဆောင်ရွက်သွားရန် ဆွေးနွေးလျက်ရှိသည်။ ဥရောပသမဂ္ဂတွင် ယခုနှစ် မေလ (၁၆) ရက်နေ့က စတင်သက်ဝင်ခဲ့သည့် နယ်စပ်ဖြတ်ကျော်ကာဗွန်ထိန်းညှိရေးအစီအမံ(Carbon Border Adjustment Mechanism, CBAM) သည် အကောက်ခွန်စနစ်တစ်မျိုး၏ အမည်ကွဲတစ်ခုဖြစ်သည်ဟု အိန္ဒိယနိုင်ငံမှ ကျွမ်းကျင်သူတစ်ချို့က ထောက်ပြဝေဖန်ခဲ့ကြသည်။

သဘာဝပတ်ဝန်းကျင်နှင့်ကုန်သွယ်ရေးနှစ်ခုကို ဆက်စပ်ခြင်းက ကမ္ဘာ့ကုန်သွယ်မှုကို ထိခိုက်စေနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် နိုင်ငံတိုင်းသည် ၎င်းတို့၏ ပြည်တွင်းစံချိန်စံညွှန်းများဖြင့်သာ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိန်းချုပ်လျက်ရှိကြပြီး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံစံနှုန်းများ မတူညီနိုင်သည့်အတွက် တစ်နိုင်ငံမှ ပြဌာန်းသတ်မှတ်လိုက်သည့် စံနှုန်းသည် အခြားနိုင်ငံတစ်ခုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်သည်ဟု စီးပွားရေးနှင့်ကုန်သွယ်ရေးကျွမ်းကျင်သူတစ်ချို့က ပြောကြားခဲ့သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)၏ စည်မျဉ်းစည်းကမ်းများကိုကြည့်လျှင်လည်း သဘာဝပတ်ဝန်းကျင်နှင့်ကုန်သွယ်ရေးနှစ်ခုကို ဆက်စပ်၍ အတိအလင်းဖော်ပြထားချက်မျိုးမရှိဟု ဆိုသည်။ အိန္ဒိယနိုင်ငံသည် ၎င်း၏ပို့ကုန်များအပေါ် မူလတန်ဖိုးကို မထိခိုက်စေဘဲ ကမ္ဘာမှအသိအမှတ်ပြုလက်ခံလာစေနိုင်မည့် ကိုယ်ပိုင်ကာဗွန်ဈေးနှုန်းစနစ်တစ်ရပ်ကို ထူထောင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂမှသာမက အခြားနိုင်ငံများမှလည်း အလားတူအစီအမံမျိုးဆောင်ရွက်လာပါက ပြည်တွင်းလုပ်ငန်းများအပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် မည်သို့တုံ့ပြန်ဆောင်ရွက်နိုင်မည့်ကိစ္စအပေါ် မကြာသေးမီကဖွဲ့စည်းခဲ့သည့် ဝန်ကြီးဌာနပေါင်းစုံပါဝင်သည့် ပူးပေါင်းအဖွဲ့တစ်ခုက ဆွေးနွေးအဖြေရှာလျက်ရှိသည်။ ၎င်းတို့အနေဖြင့် ပြည်တွင်းလုပ်ငန်းငယ်များကို အဆိုပါအခွန်မှ ကင်းလွတ်ခွင့်ပေးစေလိုကြသည်။ အိန္ဒိယနိုင်ငံ၏ပြည်နယ်များအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် အလေးဂရုပြုဆောင်ရွက်နေကြသော်လည်း ဖွံ့ဖြိုးမှုမတူညီကြသည့်အတွက် တာဝန်ယူမှုမှာလည်းမတူညီနိုင်ကြောင်း၊ ထို့ကြောင့် ဥရောပသမဂ္ဂ၏ယခုကာဗွန်အခွန်အစီအမံ(CBAM) သည် တရားမျှတမှုမရှိဟု ယူဆကြောင်း အိန္ဒိယအစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ရည်ညွှန်း။ https://www.livemint.com/economy/india-brews-its-own-carbon-levy-to-hit-back-at-eu-imports-11687113102140.html

(စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News